ငတိမ နှင့်​ သ​ရော်​စာ ​တော်​လှန်​​ရေး

262 26 0
                                    


 
ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ပတ်လည်။ အဲလေ....... အရပ်ရှစ်မျက်နှာလုံး မီးခိုးလုံးများဖြင့် ဖုံးနေသဖြင့် ဘာဆိုဘာမှ ကောင်းကောင်းမမြင်ရ။ နှာခေါင်းနှင့် ပါးစပ်ကို လက်ဖ၀ါးနဲ့ ကြပ်ကြပ်ပိတ်ကာ  ကိုယ့်ရှေ့မှာ အလိပ်လိုက်ထနေသည့် ဖုန်လုံး မီးခိုးလုံးတွေကို လက်တစ်ဖက်နှင့် ဖယ်ယမ်းပြီး မြင်လိုက်ရသည့် မြင်ကွင်းက ရာထောင်ချီနေသည့် လူအုပ်ကြီး အားလုံးက စိတ်အားမာန်တက်ကြွစွာ လက်သီးလက်မောင်းတန်းလို့ ကြွေးကြော်သံတွေ အော်ဟစ်နေကြသည်။ အို..... ဒါများ ဘာဆန်းလို့လဲ။ ဒီနိုင်ငံကြီးမှာ တနေ့ တနေ့ ဆန္ဒပြပွဲတွေ ရာချီနေတာ. မီးမလာလည်း ဆန္ဒပြမည်၊ ဈေးမရောင်းရလဲ ဆန္ဒပြမည်၊ ကိုရီးယားကား မကောင်းရင်လဲ ဆန္ဒပြမည်၊ နောက်ဆုံး ကုန်ကုန်ပြောရရင် ဆန္ဒပြတာတွေ များလာလို့ တောက်ညင်ကပ်သောအနေနဲ့ တပြန်ဆန္ဒပြန်ပြနေကြရာ ... မဆန်းရယ်တဲ့မှ လုံးဝမဆန်း။
 
ဘာတွေများ ဆန္ဒပြရပြန်ပြီလဲရယ်လို့ မထိန်းနိုင်တဲ့ စပ်စုလိုစိတ်နဲ့ လူအုပ်အစွန်ထိရောက်အောင် ချည်းကပ်လာခဲ့မှ ကြွှေးကြော်သံတွေကို ပီပီသသ ကြားရတော့သည်။
" သရော်စာတွေကို ...... တိုက်ဖျက်ပစ်"
" သရော်စာ ရေးသူ...... ဒို့ရန်သူ "
" အဖျက်သမား သရော်စာသမားများ ... ချေမှုန်းကြ "
အမလေး...... ဘာတွေများ ဖြစ်ကုန်ပြီလဲ။ ငတိမတစ်ကိုယ်လုံး ကြက်သီးတွေ ထလာသည်။ လူအုပ်ထဲမှ လူများ လက်သီးလက်မောင်းတန်းပြီး ကိုင်ထားသည့် ဗီနိုင်းတွေ၊ ဘုတ်တွေမှာကား ဖွဘုတ်ကြီးမှ ဆရာသမား ပုံပုံဦးရဲ့ မျက်နှာမာမာ ။ ဆရာ သက္ကမိုးညိုရဲ့ မထီတရီ မျက်နှာ။ ကိုသခင်ကြီးရဲ့ ပြောင်ဖြီးဖြီး မျက်နှာကြီး တွေကို အကြီးချဲ့ပြီး ကြက်ခြေနီ ခတ်ထားသည်။ တချို့ ဗီနိုင်းကြီးတွေမှာကား တစ်ခါတစ်လေ ရေးဖြစ်တဲ့ ဒိုင်ယာရီ ။ မဟာကြောင် ဆိုတဲ့ စာလုံးကြီးတွေကို ကြက်ခြေခတ်လို့။
ဒီဆိုင်းဘုတ်တွေကို ကိုင်ကာ မြှောက်ကာနှင့် မေးကြောတွေ ထောင်လောက်အောင် ကြွေးကြော်နေကြသည့် လူထုကြီးမှာ ဟိုကုလားဖြူပြည်ကလာသည့် ဂျေဆင်မရဏ ရှိုးပွဲက လူအုပ်ကြီးထက်ပင် များနေသေးသည်။
 
ငတိမလည်း စပ်စုလက်စနဲ့ မထူးပါဘူးဟု နှလုံးပိုက်ကာ လူအုပ်ထဲ ဆက်တိုးခဲ့တော့ လူအုပ်ရဲ့ ထိပ်ဆုံးမှာ စတိတ်ရှိုးစင်လိုလို ဘာလိုလို မီးစုံဖွင့်ထားသည့် တရားဟောစင် ။ ဘေးနှစ်ဖက်မှာ ထောင်ထားသည်က အလိုရှိသည် ဆုငွေ ၅ထောင် ဆိုသည့် စာလုံးမဲကြီးအောက်က ကိုသူရိန်နှင့် ကိုဒင်္ဂါးတို့၏ ဖောင်းကားကားမျက်နှာပြဲကြီးတွေပုံ။ ဒီအချိန်မှာ လက်ခုပ်သံတွေ လက်ခေါက်မှုတ်သံတွေ ဆူညံသွားလို့ ကြည့်လိုက်တော့ စင်ပေါ်ကို ထောင်ထောင်မောင်းမောင်း ဗလကောင်းကောင်းနှင့် လူတစ်ယောက် တက်လာသည်။
 
" ဟင်....... ဂျူနီယာ"
ဟုတ်ပါ့ ရိုးရိုးလေး ဂျူနီယာမှ ဂျူနီယာ အစစ်။ ဒီလိုဖြင့် ကိုယ့်လူက  ကောင်းစားပြီး စင်ပေါ်ရောက်နေပြီဆိုတော့ ကိုယ့်အတွက်လဲ အခြေအနေကောင်းတယ်လို့ ဆိုရမည်မို့ မြင်သာအောင် လူကြားထဲ တိုးကာဝှေ့ကာ ဟိုလူ့တံတောင်နှင့်တွတ် ဒိလူ့ခြေထောက်တက်နင်းနဲ့ စင်ရှေ့ရောက်လာခဲ့သည်။ ဂျူနီယာကား ငတိမကိုမမြင်။ မိုက်ခွက်ရှေ့ရပ်ကာ အာပေါင်အာရင်းသန်သန်နှင့်
 
" ဖွဘုတ်နေပြည်သူ အပေါင်းတို့ ..... ယနေ့ အခါသမယဟာ အလွန်အရေးပါတဲ့ အချိန်ဖြစ်တယ်။ အခုချိန်မှာ ကျုပ်တို့ ဖွဘုတ်ကြီးမှာ တချို့တချို့သော အဖျက်သမားတွေဟာ သရော်စာရယ်လို့ဆိုပြီး ဟိုလူ့ထိုးနှက် ဒီလူ့ထိုးနှက် ဟိုလူ့ကို ရေးသလိုလို ဒီလူ့ကိုဆော်သလိုလိုနဲ့ ရေးလာတာအလွန်များပြားလာပြီဖြစ်တယ်။ ဒီလို အရေးအသားတွေ များလာတာမို့ မခံမရပ်နိုင်တဲ့ ကျုပ်တို့ ရပ်တည်ချက်ခိုင်မာတဲ့ရဲရဲတောက်သမားတွေဟာ ပြောင်မြောက်တဲ့ ကွန်မန့်တွေနဲ့ ပြန်လည် တုံ့ပြန်တဲ့အခါ ဒင်းတို့က တဖန်ပြန်ပြီး ကျုပ်တို့ကို သရော်စာရဲ့ အရသာ နားမလည်သူတွေ အနှစ်သာရကို မဆုပ်ကိုင်နိုင်သူတွေရယ်လို့ စော်ကားမော်ကားတုံ့ပြန်လာတယ်။ ကျုပ်တို့ဟာ အမှန်တရားရဲ့ ဘက်တော်သားတွေဖြစ်တယ်။ မှားတယ်ထင်ရင် ဒုတိယဘုရားသခင်နဲ့ ဘပြောင်တို့ကအစ လမ်းဘေးသူတောင်းစားအဆုံး အားလုံးကို ရဲရဲတောက် ဝေဖန်လာကြသူတွေဖြစ်တယ်။ ဒီလိုလူသားတွေကို စော်ကားတယ်ဆိုတဲ့ ဒင်းတို့ရဲ့ အပြစ်ဟာ ခွင့်မလွှတ်နိုင်တော့အောင် ကြီးမားနေပြီ ဖြစ်တယ်။ ဒါကြောင့်မို့ ယနေ့မှ စပြီး သရော်စာရေးသူတွေကို အမြစ်ပြတ်အောင် နိုပ်ကွပ်ချေမှုန်းရမယ်။ "
 
တချိန်က ဖွဘုတ်မှာ လူတကာကို ရိသလိုနောက်သလိုနှင့် မထိတထိ ကလိပြီး ခုမှ လက်သီးလက်မောင်းတန်းရင်း အာပေါင် အာရင်းသန်သန်နှင့်ပြောနေသည့် ဂျူနီယာကို မေးရိုးကြီးပြုတ်ကျမတတ် ပါးစပ်ဟောင်းလောင်းနှင့် ကြည့်နေရသည့် ငတိမလည်း အနောက်က လူထုရဲ့ " သရော်စာသမား ..... မလိုလား"
" သရော်စာ .... အမြစ်ဖြတ်ပြစ်"
ဆိုတဲ့ အော်သံတွေကြားမှ သတိဝင်လာပြီး ဂျူနီယာမြင်လောက်အောင် လက်နှစ်ဖက်ကို လေထဲ ဝှေ့ယမ်းပြီး
"  ကဂျူ... ကဂျူ...... ဗျို့.... ဟေ့လူ...."
ဂျူနီယာက ဒီတော့မှ လူအုပ်ထဲ ညပ်နေသည့် ငတိမကို သတိထားမိသွားပြီး မျက်နှာတစ်ခုလုံးပျော်သွားသလို ၀င်းလက်သွားကာ လက်ညှိုါ်ကြီးတထိုးထိုးနှင့် ပါးစပ်ကြီးဟပြိး ဘာပြောရမှန်းမသိဖြစ်နေသည်။ ဖြစ်ရမယ်လေ ဒီလိုအချိန် ဒီလိုနေရာမျိုးမှာ မထင်မှတ်ပဲ လူရင်းတွေနဲ့ တွေ့ရတယ်ဆိုတော့။
"အဲ့ဒီ ငတိမကို ဖမ်းကြပါ..... အဲ့ဒါ သရော်စာ နောက်လိုက် ဓါးမနောက်ပိတ်...... မလွတ်စေနဲ့ .....ဖမ်း ... ဖမ်း "
ဂျူနီယာ့ ပါးစပ်က ထွက်လာသည့်စကားကြောင့် ငတိမလည်း ကြောင်သွားသည်။ ငတိမလိုပင်ဘေးက လူတွေကလည်း ကြောင်ကြည့်နေသည်။ ဒါပေမယ့် ဘေးက လူတွေ သတိမ၀င်မှီမှာပင် ငတိမသတိဝင်လာပြီး " အချင်းချင်းတွေတော့ ဂျောက်တွန်းပြီ.... ဒါမနေ့က ငါသူ့ဆိုင်သွားပြိး ကော်ဖီအလကားသောက်တာ မကျေနပ်လို့ ချွန်တွန်းတာပဲ " ဟု စောစောစိးစိး သဘောပေါက်သွားပြီး အရှေ့မှာ ကာနေသည့် လူကို တံတောင်နှင့် တချက်ကျွေးပြီး ဘေးကိုတွန်းဖယ်လိုက်သည်။ ပြိးတာနှင့် တရှိန်ထိုး စင်အောက်ထဲ ၀င် တန်းတွေ ဘောင်တွေကို ကျော်ဖြတ်ပြိး လူအုပ်နှင့် ဝေးရာသို့ အသက်လုကာ ဒရောသောပါး ပြေး၇လေသည်။
 
လူအုပ်ကြီးလည်း ဒီတော့မှ သတိဝင်ပြီး လိုက်ဖို့ကြိုးစားသော်လည်း မမှီတော့။ ရှေ့မှာ စင်ကြိးကာထားသည့်အပြင် ပြေးလေသူ ငတိမမှာလည်း တော်တော်ဝေးဝေးသို့ေ၇ာက်သည်မှာ အမြီးတောင် မမြင်ရတော့ချေ။
 
ငတိမလည်း ပြေးရင်းလွှားရင်းမောလာပြီ ခြေထောက်တွေလဲ ညောင်းလာပြီမို့ ဆက်မပြေးနိုင်တော့ပဲ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ ဘေးပတ်ပတ်လည်မှာ လူသူလေးပါးရှင်းလင်းနေသည့် တိုက်အိုတိုက်ပျက်တွေ။ ဒါနဲ့ ပုန်းစရာနေရာ ရလိုရငြားဆိုပြီး အနီးဆုံးရှိသည့် သံချေးတက်နေသည့် တံခါးချပ်ကို ဆွဲဖွင့်ပြီး အသာလေး လျှောထိုးဝင်လိုက်သည်။
 
' အဟွတ်..... အဟွတ် "
အနှစ်နှစ်အလလ အခန်းထဲတွင် ပိတ်လှောင်နေဟန်ရှိသည့် ဖုန်တွေက ငတိမ နှာခေါင်းထဲ ပြေးဝင်လာသည်။ အလင်းထဲက ၀င်လာသည်မို့ အခန်းထဲမှာ ဘာရှိမှန်း ရုတ်တရက်မမြင်ရရှိနေစဉ်ပင်။
"ဟေ့.... ဘယ်သူလဲ မလှုပ်နဲ့နော်..... ပစ်လိုက်မှာဗျ"
ငတိမနားထဲတွင် အလွန်ရင်းနှိးနေသည့် အသံ။ ရင်းနှိးလိုက်သမှ ညတရေးနိုးခွေးချီသွားရင်တောင် မှတ်မိလောက်အောင် အလွတ်ရနေသည့် အသံ။
"ပေါ်ပီရေ..... ငါပါဟ "
ဒါပေမယ့် တဖက်က အသံက ခပ်တင်းတင်း ခပ်တည်တည်နဲ့
"ဘယ်က ငါလဲ ..... ငါတွေ များလွန်းလို့ ..... ငါပါဟ ဆိုတာလောက်နဲ့ လာမပြောနဲ့.... ငါ ငတိမပါဟ လို့ပြော"
တော်ပြီ ဒီလောက်ဆို ဒင်းသိရက်နဲ့ ကြပ်နေတာ။ လူက ပြေးလာရလို့ အမောဆို့ရတဲ့ အထဲ ။ ပြတင်းပေါက်တွေကို ရိုက်ပိတ်ထားသည့် သစ်သားတန်းကြားမှ ၀င်လာသည့် အလင်းရောင်မှုန်ပြပြကြားမှာ အမှောင်ထဲမှ အရှေ့တိုးလာသည့် လူရိပ်တွေကို မကွဲမပြားမြင်လိုက်ရတော့ အံ့အားသင့်သွားသည်။
 
ထုံးစံအတိုင်း ဆံပင်ရှည်ကို ဘီးကုပ်နှင့် လှန်တင်ကာ တီရှပ်အပွ ဘောင်းဘီကွာတားနှင့် ပေါ်ပိ့နောက်တွင်ပါလာသူ နှစ်ဦးက အိမွန်သင်းကြူနှင့် Felix Thiri ခေါ် ဒေါ် ပဲပဲ။ အားလုံးက ဘေးအန္တရာယ်တစ်ခုခု ကနေ အလွတ်ရုံးလို့ ပုန်းနေကြရသည့်ဟန်က အထင်းသား။ ဒီတော့ သူတို့တွေ ဘာဖြစ်တယ်ဆိုတာက နောက်။ ကိုယ်ဘာဖြစ်လာတယ်ဆိုတာ သိဖို့ က အရေးကြီးနေတော့
" ငါ့ကို ဘာတွေ ဖြစ်နေလဲဆိုတာ ၇ှင်းပြကြပါဦး ။ "
 
ပေါ်ပီက ကြမ်းပြင်ပေါ်ထိုင်ချလိုက်ရင်း သူ့ဘေးက ကြမ်းပြင်မှုာ ထိုင်ဖို့ လက်နဲ့ပုတ်ပြလိုက်ပြီး
" ဒါက ဒီလိုရှိတယ် ငတိမရဲ့။ အခုဖွဘုတ်ပြည်ကြီးမှာ သရော်စာရေးတဲ့ဆရာသမားတွေကို အရင်ကလို သူတို့စာတွေအောက်မှာ သွားပြီး ကလော်တုတ်ရုံ ဆဲရုံဆိုရုံ မကျေမနပ်ေ၇းရရုံနဲ့ အားမရလို့ လူတွေကိုပါ ဖမ်းပြီး အကြီးအကျယ် နှိပ်ကွပ်နေကြတယ်။ "
"အဲ့ဒါလောက်ကတော့ ရိပ်မိပါတယ်။ ဒါပေမယ့် ငါက သရော်စာမပြောနဲ့ ကပျက်ကချော်တောင် ဖြစ်ဖြစ်မြောက်မြော်က်ရေးတတ်တာမှ မဟုတ်တာ။ ငါ့ကိုပါ ဘာလို့ လိုက်ဖမ်းနေရတာလဲ။"
"ဘာဖြစ်လို့ရမှာလဲ ခင်များက အဲ့ဒီစာတွေအောက်မှာ သွားလက်မထောင်တယ်မလား။ ဒါ သရော်စာ အားပေးလုပ်တဲ့သဘော သက်ရောက်တာပေါ့ဗျ။ ဒါကြောင့် ခများကိုလဲ ဖမ်းမှာပဲ။ ကျုပ်တို့ဆိုတာလဲ စတေးတပ်စ်လေး ပို့စ်လေးတွေမှာ မထိတထိ ကလိမိပါတယ် ခုတော့ ကျွဲပြေး နွားပြေးပြေးနေရပြီ။ "
 
ဘေးမှာနားထောင်နေသည့် ပဲပဲက
"ဟုတ်တယ် ... ငါဆိုလဲကြည့်။ ငါ့ဘာသာ မုန့်လေးစားလိုက် ဓါတ်ပုံလေးရိုက်တင်လိုက် လုပ်နေတာကို အရင်က ပိုက်ဆံပြတ်တုန်း ဒေါသထွက်ထွက်နဲ့ မကျေမချမ်းတင်ခဲ့မိတဲ့စာတွေကြော်င့ ခုတော့ ပုန်းနေရတာ ထမင်းငတ်တာ ၄၅ မိနစ်ရှိနေပြီ။ "
စကားအဆုံးသတ်လေးမှာ အသံတွေတုန်ပြီး မျက်ရည်များပင်ဝဲလာတာမို့ ဘေးကပ်ထိုင်နေသည့် မသင်းကြူက ပုခုံးဖက်ချော့မော့ရင်း
"ဆန့်ကျင်ရေးလုပ်တဲ့လူတွေက ဆရာပုံပုံဦးရဲ့ နောက်ဆုံးဆောင်းပါးကို ဖတ်အပြိးမှာ တွေ့သမျှစာ သရော်စာထင်ကုန်တော့တာပဲ။ ဘာရေးရေး ဒါဟာ သရော်တာ။ ဟိုဘက်ကိုလဲ သရော်တာ ဒီဘက်ကိုလဲ သရော်တာ ။ ဒါမလေးစားတာ မခန့်တာ ကရော် ကရော်လုပ်တာ ဆိုပြီး ဒေါသတွေထွက် အမျက်တွေ ကြီးကြ ဒါကို ဆရာသမားတချို့က မထိတထိ ကလိပြီး ပြန်ရေးကြတော့ အခြေအနေက ထိန်းမနိုင်သိမ်းမရ အုံကြွလာတော့တာပဲ။ "
 
"ဒါဆိုဘယ်လိုလုပ်ကြမလဲ။ ဒီအတိုင်းပဲ ပုန်းနေရမှာလား"
တုန်တုန်ရီရီနဲ့ မေးနေတဲ့ ငတိမကို ပေါ်ပီက ညံ့ရန်ကော ဆိုတဲ့ အကြည့်နဲ့ တချက်ကြည့်လိုက်ပြီး
"ဒီမယ်ငတိမ .. ခများဒီလောက် သွေးနဲလား။ အင်္ဂလိပ်ကားတွေမှာ ကျနော်တို့လို တန်ါပြန်တော်လှန်ရေးသမားတွေ အောင်ပွဲရတာ မြင်ဖူးတယ်မလား။ ခုလဲ အဲ့ဒီအတိုင်းပဲ ကျနော်တို့က ဒင်းတို့ကို ပြန်တိုက်မယ်။ ဒင်းတို့စခန်းကို ရမ်ဘိုလို ဗုံးသွားခွဲမယ်။ ၄ ယောက် နဲ့ အယောက်တစ်သောင်းကို ဖွတ်ဖွတ်ညက်ညက်ကြေသွားအောင် ဆော်ပလော်တီးပစ်မယ်။ "
အင်္ဂလိပ်ကားတွေ ခိုးကူးရတိုင်း စွတ်ကြည့်ရင်း ကြောင်နေသည့် ငပေါ့်ကို တားမရမည့်အတူတူ
"ဒီတိုင်းတော့ တော်လှန်လို့ ဘယ်ရမလဲ၊ လက်နက်လိုမှာပေါ့"
 
ပဲပဲက ငါးသလောက်ပြုံးပြုံးပြီး သားရေလက်ဆွဲအိတ်ကြီးတစ်လုံးကို အခန်းထောင့် ဖုန်တောထဲမှ ဆွဲထုတ်လာသည်။
"ဒါတွေအားလုံးမပူပါနဲ့ ဟော့ဒီမှာ ပဲလှော်နဲ့ လဲထားတဲ့ လက်နက်တွေ"
အိတ်ထဲတွင်ကား မီးကျိုးမောင်းပျက် ဖုံတက်နေသည့် လက်ပုတော့ ၂လုံး ။ တက်ဘလက် ၁လုံး နှင့် တရုတ်ဖုန်း ၁လုံးက ထည်ထည်ဝါ၀ါ။ 
 
(မကြာမီ တော်လှန်ရေးစတော့မည်။......... ၀ုန်းဒိုင်းကြဲ သွေးသံရဲရဲ တိုက်မည် ခိုက်မည်။ ဖတ်လိုသူများ မျှော်ာ်ာ်ာ်ာ်ာ်ာ်ာ်............. ကမ္ဘာမပျက်သေးလျှင် စိတ်ရူးပေါက်သည့်နေ့ ထပ်ရေးမည်။ )
 
 
 

ငတိမ နှင့်​ စာစုများWhere stories live. Discover now